တာချီလိတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ Tachileik Night Market တာချီလိတ်ညဈေးတန်းရှိ ဈေးဆိုင်ခန်းများပေါ်သို့ ဇူလိုင် ၁၆ ရက်ညပိုင်းက ကုက္ကိုလ်ပင်တစ်ပင်လှဲကျကာ ဆိုင်းခန်းများပျက်စီးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၆ ရက်ည ၈ နာရီ ၄၅ မိနစ်က ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ တာချီလိတ်ညဈေးတန်း(Tachileik Night Market)ရှိ လမ်းဘေးတောင်စောင်းမှ ကုက္ကိုလ်ပင်တစ်ပင်သည် ပလပ်စတစ်မိုးကာတဲဖြင့် ရောင်းချနေသည့် ဈေးဆိုင်ခန်းသုံးခန်းပေါ်သို့ လှဲကျရာ ဆိုင်းခန်းများပျက်စီးခဲ့ပြီး ဆိုင်ခန်းပိုင်ရှင် ဒေါ်လုံး (၄၅)နှစ်၊ ဒေါ်သန္တာအေး (၃၃)နှစ်၊ ဦးအားဆာ (၂၅)နှစ်နှင့် မောင်ဖိုးသား (၁၅)နှစ်တို့တွင် သစ်ကိုင်များရိုက်မိကာဒဏ်ရာများ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့ပြီး တာချီလိတ်ခရိုင် ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
အဆိုပါ ကုက္ကိုလ်ပင်လှဲကျသည့်နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းထက်အောင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များကလှဲကျနေသည့် အပင်အားခုတ်ထွင်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)