ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဟိုပုံး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကိုကြိုးစားကြသလို ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ခင်အိအိသန်းမှ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းမှ ကျောင်းသား၊ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အာဇာနည်နေ့နှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် ပန်းချီပြိုင်ပွဲတွင် “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကြည့်ရှုခဲ့ကြပြီး အရုပ်ပစ်အားကစားနည်းများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)