စစ်တွေ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အမှတ်(၃) ဆိပ်ကမ်းတံတားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ ကျောက်ဖြူမြို့သို့ ပတ္တမြား(၂)သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံး ဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေး အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ပတ္တမြား(၂)သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၅၈၇ ဒသမ ၅ တန်တင်ဆောင်၍ ကျောက်ဖြူ မြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ အရှေ့တောင် အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်း တာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဦးစွာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု၊ စီမံကိန်း ဧရိယာအတွင်း လုံခြုံရေးကရိယာများ တတ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိမှု တို့ကို လိုက်လံရှင်းလင်း ပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံတင်သင်္ဘောပေါ်မှရေနံများအား သိုလှောင်ကန်သို့ ပို့လွှတ်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ စီမံကိန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့များနှစ်စဉ်ပို့လွှတ်ပေးနေမှု၊ ရေနံတင် သင်္ဘောများရောက်ရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိ နေမှုအခြေအနေများ၊ ဒေသတွင်းလူမှု စီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေ အနေများစသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူခရိုင်၏ ဒေသဆိုင်ရာ အချက်အလက် များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး တို့က နိုင်ငံတော်အစိုးရမှ ညွှန်ကြားချက်များ၊ ကျောက်ဖြူဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် မည့်အစီအမံများ၊ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများနှင့် ဌာနဆိုင်ရာများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများ၏ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက်ဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံတွင် ဝန်ထမ်းများအား အဆင့်ဆင့် ကွပ်ကဲသည့်စနစ်ဖြင့် တာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှလည်း ကြီးကြပ်ရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုထားသည့် လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ ညွှန်ကြားချက်များနှင့် အညီအလေးထားပြီး စနစ်တကျဆောင်ရွက်စေ လိုကြောင်း၊ ဘဏ္ဍာနှစ်အတွင်း လျားထားချက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်နှင့် တင်ဒါလုပ်ငန်းစဉ်များကိုလည်း ယခုအချိန်မှစ၍ ဆောင်ရွက်နိုင်ရန် အလေးထား ပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုမှ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေများကို ဘီလီယံရာနှင့်ချီပြီး ခွဲဝေချထားပေးလျက်ရှိကြောင်း၊ ထိုသို့ခွဲဝေ ချထားခြင်းသည် ဒေသခံပြည်သူများအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးစသည့် ပြည်သူလူထုအကျိုးရှိမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ချထားပေးခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ များစွာရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း လုံခြုံရေးအခြေအနေများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမှာ နှောင့်နှေးခဲ့ရ ကြောင်း၊ ထို့ကြောင့် ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းရန်၊ တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးကြောင်း၊ သို့မှသာ မိမိတို့နှင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများ ချီးမြှင့်ပေးအပ် နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီတိုက်ပွဲရှောင်ပြည်သူများကိုလည်း ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိရာ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောက်ဖြူမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး သို့သွားရောက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်များ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက် ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် လူနာများအားလှည့်လည်ကြည့်ရှု အားပေးစကား ပြောကြပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ နှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူအဝင်မုခ်ဦးနှင့် မျှော်စင်တို့အား ပြန်လည်ပြုပြင်ထိန်သိမ်းနိုင်ရေး၊ ဦးဥတ္တမပန်းခြံသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- တင်ထွန်းဦး