သာစည်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ‌ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

သာစည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို အ.မ.က (၃) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဝတ်မှုံအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အ.မ.က (၃) ကျောင်းရှိ ပျိုရွယ်သူကျန်းမာရေးနှင့် သန့်လေးသန့်အကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစသည့်ကျန်းမာရေး အသိပညာ‌ပေးဟောပြောခြင်း၊ မူလတန်းကလေးများအား စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့သင်  ကြားပေးခြင်း၊ မျက်စိအမြင်ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပေးခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမားရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပေးသည်။

သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလဖြစ်၍ ရပ်ကွက်၊ ကျေးရွာများ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များ အဆောက် အဦးများရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်များပေါက်ဖွားမှု မရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲဝင်များက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)