မိုင်းဆတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က မိုင်းဆတ်-တာချီလိတ်သွားကားလမ်းပေါ်ရှိ နမ့်ကျန်းတံတားတာဘောင်ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း၊ မိုင်းဆတ်ဘက်ခြမ်းပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါလမ်းအား ဖြတ်သန်းသွားလာမှု ခေတ္တယာယီပိတ်ထားခဲ့ရာ အမြန်ဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နမ့်ကျန်းတံတားသည့် မိုင်းဆတ်-တာချီလိတ်သွားကားလမ်း မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်းကျေးရွာအနီးရှိ နမ့်ကျန်းချောင်းပေါ်တွင် တည်ဆောက်ထားသော တံတားအမှတ်(၁/၉)၊ အရှည် ၁၃၀ ပေ၊ အကျယ် ၂၁ ပေရှိ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး မိုးသည်းထန်စွာအဆက်မပြတ်ရွာသွားမှုကြောင့် မယ်ကျန်းချောင်းအတွင်း တောင်ကျရေများကျဆင်းခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ချောင်းရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း၊ မိုင်းဆတ်ဘက်ခြမ်း မြေသားတာဘောင် အရှည် ၁၅ ပေခန့်၊ အကျယ် ၄၀ ပေ၊ အမြင့် ၁၀ ပေခန့် ပြိုကျပျက်ကျခဲ့သဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းနိုင်နေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် တာဝန်ရှိသူများ ချက်ချင်းသွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ချဉ်းကပ်လမ်းတာဘောင်အား ဦးတည်ပြီး ချောင်းရေစီးဆင်းနေမှုကို ရေလမ်းကြောင်းလွှဲရန်နှင့် ချောင်းရေကြီးမှုကျဆင်းသွားပါက လမ်းတာဘောင်ဖို့ခြင်းလုပ်ငန်းအား အမြန်ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားမှု ခေတ္တယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ချဉ်းကပ်လမ်းတာဘောင်အားဦးတည်ပြီး ချောင်းရေစီးဆင်းနေမှုကို ရေလမ်းကြောင်းဖြောင့်စေရန် စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေလမ်းကြောင်းလွဲခြင်းများ ဆောင်ရွက်ပြီးပါက တာဘောင်ဖို့ခြင်းလုပ်ငန်းများအား အမြန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)