ညောင်ဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးနှမ်းကြဲပက်စိုက်ပျိုးတောင်သူများ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကောင်းခြင်းကြောင့် မိုးနှမ်းစိုက်ပျိုး တောင်သူများ မိုးနှမ်းရရန်သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် တက်မကျေးရွာ မိုးနှမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧပြီလနှောင်းပိုင်းကရွာသွန်းခဲ့သည့်မိုးဖြင့် နှမ်းများကြဲပက် စိုက်ပျိုးခဲ့ရာ မေလ၊ ဇွန်လတို့တွင် မိုးရွာသွန်းမှုကောင်းခဲ့ခြင်းကြောင့်နှမ်းစိုက်ခင်းများ ဖြစ်ထွန်းခဲ့ပြီး နှမ်းများပွင့်ချိန်ထိ မိုးရွာသွန်းမှုမှန်ကန်ကောင်းမွန်ခဲ့ပြီး နှမ်းများသီးလုံး အဆန်(အစေ့)ထည့်ချိန် မိုးရွာသွန်းမှုကောင်းခြင်းကြောင့် မိုးနှမ်းများပိုမိုအောင်မြင်ဖြစ်ထွန်းကာ အပွင့်အားလုံးအသီးတင်ကာ လုံးစေ့အားလုံး အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် ကျေးလက်မိုးနှမ်းစိုက်တောင်သူများ မိုးနှမ်းရရန် သေချာသလောက်ဖြစ်နေပြီဖြစ်ကြောင်း တောင်ဘကျေးရွာကျေးလက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ် တစ်မြို့နယ်လုံးမိုးရွာသွန်းမှုကောင်းခြင်းကြောင့် မိုးနှမ်းခင်းများကောင်းကြပြီး နှမ်းများစိုက်ပျိုးချိန်နှမ်းတစ်တင်း တစ်သိန်းကျပ်၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ ခြောက်သောင်းနှစ်ထောင်ကျပ်၊ နွားရှဉ်းထွန်ယက်ခ တစ်မနက်တစ်သောင်းကျပ်၊ လုပ်သားတစ်ဦး ရှစ်ထောင်ကျပ်၊ အလုပ်သမတစ်ဦး တစ်နေကုန်ငါးထောင်ကျပ် ပေးငှားကြဲပက်စိုက်ပျိုးခဲ့ရကြောင်း၊ ရွက်စားပိုးကာကွယ်ဆေးများဖြန်းပက်ခြင်း၊ ရွက်အားတိုးဆေး၊ ဖော့စဖိတ်၊ ယူရီးယား၊ နွားချေး၊ ဆိတ်ချေးမြေဆီမြေနှစ်၊ မြေဩဇာများပါ ပက်ဖြန်းကျွေးကြောင်း၊ နှမ်းစိုက်ပျိုးတောင်သူများ မိုးမကောင်းသည့်နှစ်များ၊ နှမ်းမရပဲ အရှုံးပင်ကြုံတွေ့ရပြီး တစ်မိုးကောင်းတစ်ချောင်းစီးမျှော်လင့်သည့်အနေဖြင့် နှစ်တိုင်း နှမ်းများမိုးကြိုကြဲထားခြင်း၊ မိုးရွာသွန်းချိန် ကြဲပက်စိုက်ပျိုးခြင်းများဖြင့် နှမ်းရရန်၊နှမ်း ဈေးကောင်းရန်ုတို့ကို မျှော်လင့်ပြီး စိုက်ပျိုးကြကြောင်း၊ ယခုနှစ်ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကောင်းခြင်းကြောင့် နှမ်းစိုက်တောင်သူများနှမ်းရရန် သေချာနေပြီဖြစ် ကြောင်းသိရသည်။
ဒီပါလင်း