မက်မန်းမြို့တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ပါလောင်းကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပါလောင်းကျေးရွာ သူကြီးအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက ကျန်းမာရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းထားပေးရန် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မက်မန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ  ဝန်ထမ်းတစ်ဦးက ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ 

ဆက်လက်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင် (၃)ဦးတို့ကို ကြက်ဥ၊ ဆား၊ အနှီးထည်များပေးအပ်ခဲ့ပြီး လသားအရွယ်မွေးဖွားထားသော မိခင်တစ်ဦးအား ကြက်ဥများပေးအပ်ခဲ့ကာ အသက် (၈၀)အထက် ဘိုးဘွားများကို အလှူငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူများမှ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

အေဇ‌က်ထွန်း(မက်မန်း)