ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ဒဂုံ(တောင်) ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန်ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေဘုံဦး ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာဌာန ကထိကဒေါက်တာခင်အေးသန့်ဦးဆောင်သော သွားဘက်ဆိုင်ရာဆရာဝန်များ ‌နောက် ဆုံးနှစ်ဘီဒီအက်စ်(၁/၂၀၂၅) ကျောင်းသား၊ ကျောင်းသူများ  မြို့နယ်ပညာရေးဌာနဒုပညာရေးမှူး (ကာယ)ဒေါ်အေးမြင့်ခိုင်နှင့် ပညာရေးဝန်ထမ်းများပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာစားပြီး သွားပုံမှန်တိုက်ခြင်း၏ အရေးပါမှုနှင့် မှန်ကန်သောသွားတိုက်နည်းစနစ်များကို ဟောပြောခြင်း၊ လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း၊   ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ  ၃၅၀ ဦး၏ သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေကို စစ်ဆေးပေးခြင်း၊ စစ်ဆေးတွေ့ရှိသည့် သွားနှင့်ခံတွင်းပြဿနာရှိသူ ကျောင်းသား၊ ကျောင်းသူ(၇၉)ဦးအား စနစ်တကျကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ  After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို အပတ်စဉ်ရက်များသတ်မှတ်ထားကာ  အခြေခံ ပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နေမျိုးအောင်