တွံတေး ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီအချိန်က တွံတေးမြို့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့်အဖွဲ့ဝင်များ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ် ၃ မြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး မန်နေဂျာဦးကျော်သူရ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း၊ သီးနှံအာမခံဌာနမှ တာဝန်ရှိသူတစ်ဦးက သီးနှံအာမခံထားရှိရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်မှုအပေါ် အမှာစကားများပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၅ ခုနှစ် စိုက်ပျိုးရေးစရိတ်နှင့်ဓာတ်မြေသြဇာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက ပေးအပ်ရာ မြို့နယ်အသီးသီးမှ တောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးအပ်မှုနှင့်ပတ်သက်၍ တောင်သူများကိုယ်စား တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စုမှ တောင်သာဦးဝင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် သီးနှံအာမခံထားရှိခြင်းဆောင်ရွက်နေမှုတို့အား ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး