ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဇူလိုင် ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်ဝင် ပေါ်တော်မူကံ့ကော်တောဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီး သိမ်တော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာရှိ ၁၃၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်း (Power China) ကုမ္ပဏီသို့ သွားရောက်ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေ၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်နေမှု အခြေအနေများ၊ ဒေသတွင်း လူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများစသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ချီးမြှင့်သည့် ကျောက်ဖြူခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်တွေမြို့နယ်ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီးများကို ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းကို မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုကျောက်ဖြူမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးရသည့်အတွက် များစွာဝမ်းမြောက်ကြောင်း၊ နောင်အနာဂတ် ခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်လာမည့် မျိုးဆက်သစ်လူငယ်များဖြစ်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါ ပညာရှာရမည့်အရွယ်မှာ ပညာကိုဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ကြားရန်လိုအပ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်းတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီးများအား အထောက်အပံ့ဖြစ်စေရေးနှင့် မိဘများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို တာဝန်ထမ်းဆောင်နေစဉ် သား၊ သမီးများ၏ ပညာရေးထောက်ပံ့မှုအခက်အခဲ၊ လစ်ဟာမှုများ မဖြစ်စေနိုင်ရေးအတွက် ထောက်ပံ့ပေးခြင်း ဖြစ်ပြီး မိဘများအနေဖြင့်လည်း မိမိ၏ရင်သွေးသားသမီးများကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားလေ့ကျင့်နိုင်ဖို့ ပို့ဆောင်ပေးရမည်မှာ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများကိုလည်း ထူးချွန်ထက်မြက်ပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ်အပြင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော လူရည်ချွန် မောင်မယ်များ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကျောက်ဖြူမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ၊ ကျန်းမာရေးကဏ္ဍတွင် လိုအပ်သည်များ ဆောင်ရွက်ပေးမည့်အစီအမံများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်ရိက္ခာအပါအဝင် အခြေခံစားကုန်များ ပေးအပ်သွားမည့် အစီအစဉ်များကိုရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ကြရာ ကျောက်ဖြူခရိုင် ပညာရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာ ဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အပါအဝင်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်က တန်ဖိုးထားရသော အနာဂတ်သားကောင်းရတနာများ၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ၊ ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျောက်ဖြူမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ နဂါးကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ က္ကိန္ဒာဘိဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  ဆရာတော်ကြီးများထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန် တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဆာယာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ကျောက်ဖြူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုရောက်ရှိလာကြသူများသည် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်ဒေသကို ယာယီစွန့်ခွာပြီး ရောက်ရှိလာကြသော ဒေသခံပြည်သူများဖြစ်ကြကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဒေသတည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းသည် အစိုးရအဖွဲ့၏ အဓိကရည်မှန်းချက်တာဝန်ဖြစ်ကြောင်း၊  ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းလာသည်နှင့် အမျှဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် နေရပ်ဒေသကိုယာယီစွန့်ခွာပြီး နေထိုင်နေကြသော ပြည်သူများအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ အလားတူ နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျင် (၁)လ ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် အချိန်တိုအတွင်းမှာ မိမိတို့၏မွေးရပ်ဒေသကို ပြန်လည်ရောက်ရှိပြီး အမျိုးဘာသာသာနာ၏အကျိုးကို ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)