တန့်ယန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုနည်းများကို စာတွေ့၊ လက်တွေ့ ရှင်းလင်းပို့ချခဲ့ကြောင်းနှင့် သင်တန်းအား သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်၍ အပတ်စဉ်လိုက် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)