မြစ်ကြီးနား ဇူလိုင် ၁၇
လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အသိပညာဗဟုသုတတိုးပွားလာစေရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော လူငယ်ဗလ ငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းသော်အေးတို့က ဘင်ခရာအဖွဲ့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက ငြိမ်းချမ်းသာယာ ပြည်မြန်မာတေးသီချင်း သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ် နိုင်ငံတော်၏အကောင်းအဆိုးသည် ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ် မူတည်နေပါကြောင်း၊ ထို့အပြင် တိုင်းပြည်၏အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန်ဖြင့် ပြည့်စုံပြီး အကျင့်စာရိတ္တကောင်း မွန်သည့် အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင်စနစ်တကျပြုစုပျိုးထောင်ပေးသွားရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့်များ၏ ဖွံ့ဖြိုးတိုး တက်စေမှုသည် နိုင်ငံ့၏ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက် လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယခုထက်ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် လူငယ်၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၆ ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့အပြင် လူငယ်ရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာအဓိကကဏ္ဍကြီး (၁၆)ရပ်ကို အခြေခံအကောင်အထည်ဖော် ရာတွင် ဦးဆောင်ဝန်ကြီး (၄)ခုအပြင် ကျန်ဝန်ကြီးဌာနအားလုံးကပါ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ သည့်အတွက် နိုင်ငံတော်အနေဖြင့် လူငယ်များအတွက် အလေးထားဆောင်ရွက်ပေးနေသည်ကို သိရှိနားလည်စေလိုပါကြောင်း၊ ယခုလိုလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး တိုင်းပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေး လိုလားသည့် စိတ်ဓာတ်များနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားတက်ကြွဖျတ်လတ်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် နိုင်ငံ့သားကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်တွင် အသိပညာပေးဟောပြောသွားမည့် စာရေး ဆရာအကြီးကိုကို(ကသာ)နှင့် ဘင်ခရာအဖွဲ့တို့အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား လည်း ကောင်း၊ ဒုတိယဝန်ကြီးက အခြေခံပညာကျောင်းများအတွက် အားကစားအထောက်အကူပြုပစ္စည်း များ၊ သုတရသစာအုပ်စာစောင်များကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့ နှင့် အလယ်တန်းအဆင့် ပန်းချီးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများက ရိုးရာတေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ခန်းမအတွင်း ပြသထားသည့် အခြေခံပညာ ကျောင်းများမှ ကျောင်းသားလူငယ်များ၏ တီထွင်မှုစွမ်းရည်၊ ပညာရေးစွမ်းရည်ပြခန်းများနှင့် သုတ/ ရသစာအုပ်စာစောင်များ၊ ကလေးစာအုပ်များ ပြသထားရှိမှုကို တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်တွင် အဆင့်မြင့်ပညာနှင့် အခြေခံပညာမှ ကျောင်းသား/ကျောင်းသူများအား စာစီစာကုံး၊ ပန်းချီနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများနှင့် ဒေသခံစာရေးဆရာများကလည်း အသိပညာပေး ဟောပြောခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)