တောင်ကြီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့်ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ရှမ်းပြည်နယ်အတွင်းမှာရှိသည့် ကျေးရွာ (၆၄)ရွာတို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၇၉၀) ဦးအား နည်းပညာဖြန့်ဝေနိုင်ခဲ့ပြီး လုပ်ငန်းရှင်ပေါင်း (၃၂၀)ဦး မွေးထုတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်ချောပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူသည်။ ၎င်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများ၊ လူသုံးကုန်လုပ်ငန်းသုံးဓာတုပစ္စည်းများ၊ ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲ၊ ပရုပ်ဆီ၊ အလှဖယောင်းတိုင်၊ လက်သန့်ဆေးရည်၊ မှန်ကြည်ဆေး၊ ချွတ်ဆေး၊ လျှော်မွှေးဆီနှင့် Body Scrub လုပ်နည်း အခြေခံဘာသာရပ်များကို ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ထိလည်းကောင်း၊ မွမ်းမံဘာသာရပ်များကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိလည်းကောင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)