လယ်ဝေးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် ကျင်းပ

လယ်ဝေး ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ၂၀၂၄-ခုနှစ် (၁၃၈၆- ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာ ၁၃ ပါး၊ စာအောင်သံဃာတော်များ၊ သီလရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး လယ်ဝေးမြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊‌ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ  ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက စာအောင်သံဃာများနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်ရာ ဓမ္မာစရိယ(ကျမ်းပြီး)အောင်မြင်သည့် သံဃာတော် ၁၀ ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း တစ်ပါး၊ ပထမငယ်တန်း ၂၂ ပါး၊ အခြေပြုမူလတန်း ၉၅ ပါးတို့အား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ဧည့်ပရိတ်သတ်များ၊ အလှူရှင်များက တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား အလှူရှင် ဦးတင့်ဇော်လွင်၊ ဒေါ်ရတနာဌေးမိသားစုတို့က ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)