မိုင်းကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းပြပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲနှင့် ပြခန်းပြပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး၊ အမျိုးသမီးရာအဖွဲ့မှ ဒေါ်တင်တင်မိုး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ခင်မေတို့က အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိ၊ အာဇာနည်နေ့သမိုင်းကြောင်း လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ (၇၈)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲကိုကျင်းပရာ အ.ထ.က(မိုင်းကိုင်)နှင့် အ.လ.က(ပန်ကတ်)တို့မှ ကျောင်းကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ဆုရကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်တင်ဆက်သော (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်းအရာများနှင့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များပြပွဲပြခန်းကို ခင်းကျင်းပြသရာ  တက်ရောက်လာသည့်  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)