တောင်ကြီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံအသက် (၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံဖွံ့ဖြိုးစေရန်၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များမွေးထုတ်ပေးရာ အခြေခံအဆောက်အအုံဖြစ်သည့်အားလျော်စွာ ကျန်းမာကြံ့ခိုင်သော ကာယ၊ ဥာဏလုပ်သားကောင်းများ၊ အားကစားထူးချွန်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူဖြစ်စေရန်၊ ကျောင်းတွင်းအားကစား ပြိုင်ပွဲမှတဆင့် မြို့နယ်ကိုယ်စားပြု၊ ခရိုင်၊ ပြည်နယ်အဆင့်လက်ရွေးစင်ကစားသမားများမှ နိုင်ငံ့လက်ရွေးစင် ကစားသမားများအဖြစ်ပေါ်ထွန်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် အားကစားကိုချစ်ခင်မြတ်နိုးတတ်စေရန်၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေနှင့် နည်းဥပဒေများကိုလေးစားလိုက်နာမှု၊ နိုင်ငံသားကောင်းများ၏ ကောင်းမြတ်သော အရည်အသွေးကောင်းများရရှိလာစေရန်၊ (ဘောလုံး)ကစားနည်းကိုပိုမိုသိရှိနားလည်၍ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန်တို့အတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အာရှမြန်မာ” သီချင်းဖြင့် Fitness excersise သရုပ်ပြပြီး အခြေခံပညာကျောင်းများမှ ကျောင်းသူများက အခြေခံအေရိုးဗစ်(၅၃)ကွက်အား သရုပ်ပြခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အခြေခံပညာကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း ၂၅ သင်းတို့က ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ အခြေခံပညာအထက်တန်းကျောင်း(ပန်သခွား) ဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)