တိုက်ကြီးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တိုးတက်စေရန်ရည်ရွယ်၍ ဥပဒေများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၃၈/၂၀၂၅)အား ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမင်းနိုင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)