ပြင်ဦးလွင် ဇူလိုင် ၁၆
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)