ရွာငံမြို့နယ်တွင် ရပ်ရွာအခြေပြု အ​​​ခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ရွာငံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများမိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များတက်မြောက်စေရန်အလို့ငှာ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

စက်ချုပ်သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအိက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်သည်များ၊ အခြေခံသင်တန်းမှစ၍ အဆင့်မြှင့်သင်တန်းကျွမ်းကျင်အဆင့်အထိတက်ရောက်ကြရန် ရှင်းလင်းပြောကြားပြီး သင်တန်းတွင်ထူးချွန်သင်တန်းသားတစ်ဦးအား အပ်ချုပ်စက်တစ်လုံး‌ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့်သင်တန်းမှူးက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသားများကလက်ခံရယူခဲ့သည်။ သင်တန်းတွင် ပိတ်စ၊ ကတ်ကြေး၊ ဂျိုင်းဝိုက်စာ၊ အပ်ချည်လုံး၊ ပေတံ၊ ပေကြိုး၊ ပုလဲအပ်စသည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသား ၂၀ ဦးအားအခမဲ့ ပေးအပ်ခဲ့သည်။ သင်တန်းတွင် သုံးလွှာစကဒ်၊ လေးလွှာစကဒ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံး၊ သင်္ဘောသားအင်္ကျီများကို ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၁၆ ရက်​နေ့အထိ ဘာသာရပ်ရှစ်မျိုးဖြင့် လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ရွာငံ (ပြန်/ဆက်)