ချမ်းမြသာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်(ငွေလုံး) ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဦးနှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာမခံအလုပ်သမားများနှင့် အကျိုးခံစားခွင့်ရရှိသည့် အာမခံအလုပ်သမားများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အာမခံအလုပ်သမား (၁၁,၈၇ဝ) ဦးအတွက် သဘာဝ ဘေးအန္တရာယ်ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း၊ ကျပ်သန်း (၉၆၈.၁၈၁) လွှဲပြောင်း ပေးအပ်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ငလျင်ကြောင့် သေဆုံးသွားသော အာမခံ အလုပ်သမား (၆) ဦး၏ မိသားစုဝင်များအား ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်သန်း (၄၂.၂၇၀) အား လည်းကောင်း၊ ဒုတိယဝန်ကြီးမှ ငလျင်ကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား (၅) ဦး၏ မိသားစုဝင်များအား ကျန်ရစ်သူအကျိုးခံစားခွင့်ကျပ်သန်း (၃၆.၉၆၀) အားလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ ငလျင်ကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား(၅)ဦး၏ မိသားစုဝင်များအား ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်သန်း (၂၄.၂၄၀) အား လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြောကြားပြီး အာမခံအလုပ်သမားများကိုယ်စား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အာမခံအလုပ်သမား ဌာနစုမှူး ဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်