မိုင်းယောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ခရိုင်/မြို့နယ် စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝမ်တပ်ကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြား၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဌာနအလိုက် ဆွေးနွေးပြောကြားပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဝမ်တပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဟွေထမ်ကျေးရွာ၊ ဝမ်တပ်ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က တင်ပြချက်များနှင့််ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
စိုင်းအောင်ဇော်လင်း