မိုင်းဖြတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆိုင်းဘုတ်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဆိုင်းဘုတ်သစ်ရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက ဆိုင်ဘုတ်သစ်ပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ဆိုင်းဘုတ်သစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့သည်။
ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါဆိုင်းဘုတ်သစ်ကို အလှူရှင်များမှ စုပေါင်း၍ဆောက်ရွက်ခြင်းဖြစ်ပြီး အလျား ၁၅ပေ၊ အနံ ၅ပေအတိုင်းတာရှိ ကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)