မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မုဒုံမြို့နယ်ဘဏ်ခွဲ) မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

မုဒုံ ဇူလိုင် ၁၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က သိမ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုများနှင့် ပတ်သက်၍ စည်းမျဥ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကမာဝက်မြို့ သိမ်ကုန်းကျေးရွာရှိ တောင်သူ ၁၃၃ ဦး၏ လယ်ဧက (၁၀၈၇) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၁၆၃၀ ဒသမ ၅၀) သိန်းကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

မုဒုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ ကျေးရွာ (၄၂) အုပ်စုရှိ တောင်သူ (၂၇၆၁) ဦး၏ လယ်ဧက (၂၁၁၂၈) ဧကအတွက် ချေးငွေစုစုပေါင်း ၃၁၆၉၂ သိန်းကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)