မုဒုံ ဇူလိုင် ၁၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ယခုအချိန်တွင် ကျေးရွာများ၌ မှိုစိုက်ပျိုးရောင်းချသူများ များပြားလာ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ငွေနှင်းမှိုကို အသင့်စိုက်ပျိုးထုပ်များဖြင့် တစ်ထုပ်လျင် (၁၀၅၀) ကျပ်ခန့် ဝယ်ယူစိုက်ပျိုးကြပြီး မှိုထုပ်များကို လေဝင်လေထွက် အသင့်အတင့်ရှိကာ နေရောင်ခြည် တိုက်ရိုက်မကျနိုင်သော အရိပ်အေးသည့်နေရာတွင် စိုက်ပျိုးရကြောင်း၊ စိုထိုင်းဆရရှိရန် မှိုထုပ်များကို အပေါ်ဘက်မှ တစ်နေ့လျင် နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ရေလောင်းပေးရကြောင်း၊ ရေလောင်းပေးရာတွင်လည်း မှိုအထုပ်အတွင်းသို့ ရေမဝပ်နိုင်စေရန် သတိပြုညင်သာစွာ ရေလောင်းပေးရန်လိုအပ်ကြောင်း၊ သစ်သားစင်၊ ဝါးစင်များ ပြုလုပ်၍ လှဲလျက်ဖြစ်စေ ဒေါင်လျက်ဖြစ်စေ တစ်စင်နှင့်တစ်စင် တစ်ပေခွဲခန့် သုံးထပ်ထားရှိကာ စိုက်ပျိုးနိုင်ကြောင်း၊ မှိုများထွက်ရှိချိန် ခူးပါကလက်ဖြင့် ညင်သာစွာ မှိုပွင့်၏ အောက်ခြေမှ အမြစ်များပါအောင် ခူးပေးရကြောင်း၊ မှိုအထွက်နှုန်းကောင်းမွန်စေရန်အတွက် မှိုပွင့်များခူးပြီးအချိန်တိုင်း မျက်နှာပြင်သို့ သန့်ရှင်းသောဓားဖြင့် တစ်လက်မခန့် (၃) ရက်ကြာ လှီးဖြတ်ရကြောင်း ကော့လှကျေးရွာနေ ငွေနှင်းမှိုစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
မုဒုံမြို့နယ်တွင် မှိုအမျိုးမျိုးရှိသည့်အနက် ငွေနှင်းမှို၊ ကောက်ရိုးမှိုနှင့် ကြွက်နားရွက်မှိုများကို အများဆုံးစိုက်ပျိုးကြ၍ ငွေနှင်းမှို တစ်ပိဿာလျင် ဒေသပေါက်စျေး (၁၀၀၀၀) ကျော်အထ် စျေးများတွင် လွယ်ကူစွာရောင်းချရကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)