ကာလိမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကာလိ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌​ အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ကောင်းမွန်စေရန်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအားကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲအားကျင်းပရာ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများ အသိပညာပေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့်ဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)