ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော

 မန္တလေး   ဇူလိုင် ၁၆

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက  ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကအမှာစကားပြောကြားကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊  ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မိုးက လူငယ်နှင့် အားကစားကဏ္ဍဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥာဏ်ရည်မြင့်မားစေရန်အတွက် လူငယ်နှင့် ပတ်သတ်သည့် အကြောင်းအရာများ၊ လူငယ်များ၏ဘဝကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးများအကြောင်းနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးကို ထိခိုက်စေနိုင်သည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး  ကျောင်းသား၊ကျောင်းသူများသည် ဟောပြောခဲ့သည့်အကြောင်းအရာများမှ သိရှိလိုသည်များကို မေးမြန်းဖြေကြားသည်။ အခမ်းအနားပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်