ရေးမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ  ကျင်းပ

ရေး ဇူလိုင် ၁၆         

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၉နာရီက အစင်စံပြကျေးရွာတောင်သူဦးဆိုး၏ ဦးပိုင်အမှတ်၊ ၄၅/၂၊ ကွင်းအမှတ်-၁၁၆၀၊ ဧရိယာ ၆ ဒဿမ ၄ ဧကရှိလယ်မြေပေါ်တွင် ကျင်းပသည်။

ဦးစွာ ရေးမြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီးကောင်းဇော်မြင့်က အဖွင့်အမှာစကားပြောကြားပေးပြီး ရေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းမင်းက နိုင်ငံတော်မှစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိကထားအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိုးစပါးမျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားရရှိကာ လူမှုစီးပွာဘဝမြင့်မားလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိုးနိုင်က တောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိူးနည်းစနစ်များကို ရှင်းလင်းပေးသည်။

ဆက်လက်၍ ကွင်းသရုပ်ပြပွဲကျင်းပခဲ့ရာ ရေးမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းမင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများအားတစ်ဧကစပါးတစ်တင်းနှုန်းဖြင့် (အောင်နိုင်တိုး) မျိုးစပါး တင်း၂၀၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှင်းသန့်ဖြူ