ရမည်းသင်းမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

ရမည်းသင်း  ဇူလိုင် ၁၆

​မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းခရိုင်  ရမည်းသင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ အနေဖြင့် စပါးမျိုးစေ့ချကိရိယာကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့    အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊  လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး ၊  အချိန်တိုအတွင်းစိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါး အထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍   စက်မှုလယ်ယာ ဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း   10 Rows Seeder ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ရမည်းသင်းမြို့နယ် နွားကူးကျေးရွာ ကွင်းအမှတ်(၁၁၂၄)ရှိ ဒေသခံတောင်သူ ဦးတိုးတိုးလွင်၏ လယ်မြေ နှစ်ဧကအတွင်း ကျင်းပသည်။

​​အဆိုပါ သရုပ်ပြပွဲ၌ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွန်းက မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးရာတွင်   စိုက်ခင်းလယ်မျက်နှာပြင်  ညီညာရန်လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထား အနည်းငယ်ဖြင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း၊ အချိန်တို အတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တို့တွင် အချိန်မီအခါမီ စိုက်ပျိုးနိုင်ခြင်းနှင့် မျိုးစေ့ချကိရိယာများ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးသီဟဇော်က စက်ကိရိယာ၏ အားသာချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

​ မျိုးစေ့ချကိရိယာ10 Rows Seederဖြင့်   မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သိမ့်သိမ့်မျိုး(ခရိုင်  ပြန်/ဆက်)