လွိုင်လင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ Polytechnic University (Pang Long) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဦးစွာ အမှတ် ၁၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇေယျက ယာဉ်စည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့်လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ Polytechnic University (Pang Long) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး