သာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (ခွဲ) ကြာဘက်ကုန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၄) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.လ.က (ခွဲ) မီးရထား၊ အ.လ.က(ခွဲ) ကွမ်းခြံရိုး ၊ အ.လ.က(ခွဲ) မြိုင်သာ၊ အ.လ.က(ခွဲ) နန်းတော်ကုန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၆) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်၊ ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးကြသည့် အမှတ်ပေးဒိုင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သုတ/ရသစာအုပ်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)