ဘီးလင်း ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(နှင်းပုလဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(နှင်းပုလဲ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကိုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(နှင်းပုလဲ)ကျောင်းမှ Grade(11)ကျောင်းသား မောင်ကျော်ဇင်ထက်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင် ရွက်ပြီး Grade (11) ကျောင်းသား မောင်သူရရှိန်း၊ ကျောင်းသူမမေသူဝင်း၊ မဇင်ဖြူလှိုင်၊ Grade(10)ကျောင်းသူ မသွန်းဝသာန်၊ Grade(9)ကျောင်းသူ မသဲသဲဖြူတို့တို့က ”ထူးချွန်ထက်မြတ်တဲ့ ခေါင်းဆောင်မှု”၊ ”ခေါင်းဆောင်မှုအတွေး၏ အရေးပါပုံ”၊ “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်“၊ “အလုပ်ဆိုတာအင်အားပါ”၊“လူငယ်နှင့်ဘဝရည်မှန်းချက်“စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ် ပြန့်ပြန့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ၊ သုတ၊ ရသ၊ စာအုပ်များကိုပြသခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)