တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တုံတာ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဥပဒေအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန်က ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးအလုပ်သမားသည်တရားမဝင်ပါ၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် ပြဌာန်းချက်၊ ရည်မှန်းချက်များဥပဒေပုဒ်မများစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အထက်တန်းပြဆရာမ ဒေါ်ကြည်ကြည်နိုင်မှ ဖွဲ့စည်းပုံအခြေခံမိတ်ဆက်၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေစသည့် အကြောင်းအရာများကို အကြယ်တဝင့်ဟောပြောခဲ့ပါသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ အခြေခံပညာအထက်တန်းကျောင်းများတွင် ဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ ကလေးစာဖတ်ခန်းနှင့် Community Centre ခန်းမတို့၌ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပြပွဲ၊ပြိုင်ပွဲများ၊ ဟောပြောပွဲများအား လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြတ်မွန်(ပြန်/ဆက်)