နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာ ‘သုတ’စာကြည့်တိုက် ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နမ့်စန်(တ) ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ ‘သုတ’ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲတွင် အဆိုပါစာကြည့်တိုက်သို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ စာကြည့်တိုက်ရေရှည်ရှင်သန် ခိုင်မာရေးကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဌာနမှကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုနောက် မိုင်းစိတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနောင်ဦး၊ မိုင်းစိတ်ကျေးရွာ တာဝန်ခံ ဦးလုံးခမ်းနှင့် ရပ်မိရပ်ဖများက စာကြည့်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင်အသစ်များဖြည့်တင်းရေး၊ ပရိဘောဂများဖြည့်ဆည်းရေး၊ ရန်ပုံငွေရှာဖွေရေးနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ‘သုတ’ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိန်းသိမ်းကြီးကြပ်မှုကော်မတီနှင့် စာကြည့်တိုက်ကော်မတီကို အသစ်ပြန်လည်မွမ်းမံဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)