ရန်ကုန် ဇူလိုင် ၁၅
၂၀၂၅ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျိုက္ကဆံကွင်းရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul ၊ ဒိုင်ချုပ် Mr.Veerapol Nakaprawing နှင့် သင်းတန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုမှ အဖွင့်အမှာစကားပြောကြား၍ သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul က နှုတ်ဆက်စကားပြောကြားကာ ဒုတိယဥက္ကဋ္ဌ ဦးစိုးမိုးကျော်က ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသင်တန်းတွင် Video Clip ဖြင့် လက်တွေ့ပြသသင်ကြားခြင်း၊ Teqball နည်းစနစ်၊ စည်းမျဉ်း/စည်းကမ်းများ စာတွေ့လက်တွေ့ ပို့ချဆော့ကစားခြင်း၊ Teqball ဒိုင်လုပ်ငန်းနှင့်ပတ်သတ်သည်များ သင်ကြားပို့ချခြင်း၊ သင်တန်းတွင် ပို့ချခဲ့သောအဖြေလွှာများ စစ်ဆေးသိမ်းဆည်း၍ သင်တန်းနည်းပြမှ အကောင်းဆုံးတစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး သင်တန်းသား(၃၅)ဦး၊ သင်တန်းသူ (၅)ဦး စုစုပေါင်း(၄၀)ဦးတို့ တက်ရောက်ကာ သင်တန်းကာလမှာ ဇူလိုင်(၁၄)ရက်နေ့မှ (၁၆)ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)