ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးမှူး ဒေါ်ပန်းမို့မို့သူက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်နေရာချထားမှုပုံစံနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှသင်တန်းသား၊ သင်တန်းသူ(၁၁၃)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းအပတ်စဥ်အလိုက် နှစ်ရက်သင်တန်းများ ဆက်လက်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)