သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအခမ်းအနားဖွင့်လှစ်

သင်္ဃန်းကျွန်း ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM သင်တန်းဖွင့်ပွဲ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

ဦးစွာ သင်တန်းအခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးစိုးညီဆွေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ပတ်သက်၍ လက်တွေ့စမ်းသပ်အသုံးပြုမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးစိုးညီဆွေ၊ ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်စန္ဒာမြ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိများ၊ အခြေခံပညာဦးစီးဌာမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ထိ သင်တန်းအမှတ်စဉ် (၁) မှ အမှတ်စဉ်(၆)ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၅၉၉ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မိုး