ပျော်ဘွယ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ကာကွယ်နှိမ်နင်း

ပျော်ဘွယ် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ ကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇူလိုင်၁၅ရက် နံနက်(၉)နာရီက ကျောက်ချပ်ကျေးရွာတွင်ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ကူးစက်တတ်မှုအကြောင်းအရာများ၊ ရောဂါမဖြစ်ပွားစေရန် ရှောင်ရန်၊ ဆောင်ရန်များ၊ ရောဂါဖြစ်ပွားလာပါက ဆေးကုသမှုခံယူရမည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျေးရွာအတွင်းရှိ သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားခဲ့သည့်နေအိမ်သို့သွားရောက်၍ ‌ဖျားနာမှုစစ်တမ်းများကောက်ယူခြင်း၊ အခြားနေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်း၊ ဆေးကုသမှု ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)