ပင်လုံမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူများအား မြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းများ ဟောပြော၍ လူငယ်လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်း ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ​ဒေါ်စကားဝါက တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များကို ဟောပြောခဲ့သည်။

ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ရှောင်လေဝေးဝေးမူးယစ်ဆေး နံရံကပ်စာစောင်များ ပြသပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၃၀)ဦးတို့က စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)