ခရမ်းမြို့နယ် အ.မ.က(၁၁)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ခရမ်း ဇူလိုင် ၁၅  

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အ.မ.က(၁၁)ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ခရမ်းမြို့ အ.မ.က(၁၁)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို ဖတ်ရှုလေ့လာစေလိုကြောင်း၊ စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သောအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အပေါ် စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က ရာသီဥတုအလိုက် နေထိုင်စားသောက်ပုံနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး နည်းလမ်းများအားအကျယ်တဝင့်ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ကျော့ကေခိုင်က ကျောင်းသား/ကျောင်းသူများ နေ့စဉ်စားသုံးနေသောအစားအစာများ စားသုံးရာတွင်လိုက်နာရမည့်အချက်များ၊ စားသုံးသူရေးရာအခွင့်အရေးများအား ရှင်းလင်း‌ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး နံရံစာစောင်များနှင့်စာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)