ပင်းတယ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) "ပညာ့ရောင်ခြည်"ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပေးသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သိကောင်းစရာအသိပညာပေးကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် (၇၈)နှစ်မြောက်အာဇာနည်နေ့နှင့်သက်ဆိုင်သည့် အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသပေးခြင်း၊ သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)