မိုင်းယောင်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအသုံးပြုမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

မိုင်းယောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့်ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်းမရှိစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ ညနေ ၄ နာရီက ဗလမင်းထင်လမ်းမတွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များရှိ/မရှိ၊ မော်တော်ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း၊ မေးသိုင်းကြိုးစနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်သည်။

မိုင်းယောင်းမြို့နယ်တွင် လိုင်စင်မဲ့နှင့်သက်တမ်းလွန်ယာဉ်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ် မော်တော်ယာဥ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း