ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က ဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြပွဲ/ပြိုင်ပွဲများကို လစဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/သူများ စာပေနှင့်ပက်သက်၍ အသိပညာဗဟုသုတတိုးပွားစေရန် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိကြောင်း၊ ကျောင်းစာတင်မကဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပရာ ကျောင်းသား/သူ ၃၀ ဦးတို့က “စိတ်ဓာတ်တွေ ဘုံဖျားရောက်ကြမှ” ခေါင်းစဉ်ဖြင့် ပြိုုင်ပွဲဝင်ခဲ့ကြသည်။ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဒိုင်များအဖြစ် မြို့နယ်စာရေးဆရာအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)