ရန်ကုန် ဇူလိုင် ၁၅
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အ.မ.က ကဒတ်ဖြာ၊ အ.မ.ကပြည်တော်သာ၊ အ.မ.က စိကုန်းကျောင်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်ရှောင်ရန်အချက်များအကြောင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)