သန်လျင်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ကျင်းပ

ရန်ကုန် ဇူလှိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ငလျင်ဘေး အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ပုံစံတူလေ့ကျင့်သရုပ်ပြမှု အခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းက အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ကျောင်းသူ/သားများ ဆောင်ရန်၊ ရှောင်ရန်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စာသင်ကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့မှ မီးသတ်ဆေးဘူးများအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ကြည့်ရှူ့အားပေးခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ