တံတားမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တံတား ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက် (‌၁၀) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က၂၀၂၅ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား‌ပြီး အာဇာနည်နေ့ ဖြစ်ပါ်လာပုံအကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရ‌ကြောင်း၊ ထိုနေ့သည် မြန်မာနိုင်ငံသမိုင်း၏ အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး၊ နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့ကို“အာဇာနည်နေ့”အဖြစ် သတ်မှတ်ကာအာဇာနည်ကြီးများအား ဂုဏ်ပြုအမှတ်တရ ကျင်းပလေ့ရှိပါကြောင်းစသည့်ဖြင့် လူငယ်များသိရှိစေရန် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)