ကျောက်ဆည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ (၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်စာအုပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေးပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ၊ ရသစာအုပ်စာစောင်များနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)