စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် သုံးခွ အ.ထ.က (၂) တွင် ကွင်းဆင်းဆောင်ရွက်

သုံးခွ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.ထ.က(၂)ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ရှိန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဖြစ်ပေါ်လာစေရန်နှင့် လွတ်လပ်ရေးရရှိအောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံတို့ကို ဟောပြောခဲ့သည်။ ယင်းနောက် မူလတန်းပြဆရာမ ဒေါ်သန်းသန်းအေးက ​ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၉၀)ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်​ရပ်ကွက်နှင့် ကျေးရွာအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)