ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ဒေါပုံ ဇူလိုင် ၁၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင့်တင့်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို လက်တွေ့အသုံးပြု စမ်းသပ်မဲပေးလေ့လာခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ (၁၁၃) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို အပတ်စဉ်အလိုက် (၂) ရက်သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)