ဒေါပုံ ဇူလိုင် ၁၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်း လွဲ ၁ နာရီအချိန်က ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ရာ ဒေါပုံမြို့နယ်စာရေးဆရာအသင်း နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေါပုံမြို့နယ် စာရေးဆရာအသင်း ဂုဏ်ထူးဆောင်နာယက အမျိုးသားစာပေဆု၊ လူမှုထူးချွန်ဒုတိယဆု၊ ပခုက္ကူဦးအုန်းဖေတစ်သက်တာဆု၊ အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာ၊ သတင်းစာဆရာကြီး အလင်္ကာကျော်စွာစည်သူ ဦးကျော်ဇင်ညွန့်(တက္ကသိုလ်မြတ်သူ)နှင့် နာယကဦးကျော်အောင်(ကျော်စိန်ညွန့်)တို့က မုဒိတာစကားများပြောကြားကြသည်။ ထို့နောက် ဒေါပုံမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်စိန်သန်း(တက္ကသိုလ်ကျော်စိန်သန်း)က အမှာစကား ပြောကြားသည်။
အဆိုပါ ဒေါပုံမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ တတိယအကြိမ်အစည်းအဝေးတွင် ဥက္ကဋ္ဌဦးကျော်စိန်သန်း(တက္ကသိုလ်ကျော်စိန်သန်း)က ကျန်းမာရေးအခြေအနေကြောင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနေရာအား နာယကဖြစ်သူဦးတင်သိန်း ( ရွှေကျွန်းတင်ဏီသိန်း) အား လွှဲပြောင်းပေးအပ်ခြင်းကို အလုပ်အမှုဆောင်အဖွဲ့သို့တင်ပြရာ အလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီမှုကိုလက်ခံရယူခဲ့သည်။ ယင်းနောက် ဒေါပုံမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ အသစ်ဖြစ်သူဦးတင်သိန်း(ရွှေကျွန်းတင်ဏီသိန်း)က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)