နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၁၅

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်ရသည့် အခွင့်အရေးကို အလေးအနက်တန်ဖိုးထားပြီး တာဝန်ကျေပွန်စွာဖြင့် စိတ်ရောကိုယ်ပါ ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်းမိမိတို့ တက်ရောက်ရသည့် သင်တန်း၏ ရည်ရွယ်ချက်များ ပြည့်ဝစွာ အကာင်အထည်ဖော်နိုင်ရေးအတွက် သင်တန်းကာလအတွင်း လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် စိတ်ဓာတ်ကို အရင်းခံပြီး ကြိုးစားသင်ယူလေ့ကျင့်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသည့် သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာပြီး သင်တန်းကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်နှင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူကို အလုပ်အကျွေးပြုရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) သို့ ဝန်ကြီးဌာများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၂၃)ဦး၊ သင်တန်းသူ (၂၅၀)ဦး၊ စုစုပေါင်း(၃၇၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၄-၇-၂၀၂၅ ရက်နေ့မှ ၂၄-၉-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)